ပင်စိမ်းစားရင် ကျန်းမာမှာလား
ငါးချဉ်လေး သုပ်သုပ်၊ ငါးသံပုရာလေး ပေါင်းပေါင်း ကြက်ပင်စိမ်းလေး ချက်ချက် ထည့်စားကြသလို ဖက်ကဖောင်းကြော်လေးစားရင်လည်းပါတတ်တဲ့ ပင်စိမ်းက ဟင်းလျာမှာ အနံ့အရသာ တိုးစေဖို့ပဲ ထောက်ကူပေးတာလား။ အခြားရော ဘယ်လို ကောင်းကျိုးတွေများ ရနိုင်မလားဆိုပြီး သိချင်နေပြီလား? ဒါဆိုရင်တော့ ပင်စိမ်းရဲ့ အသုံးဝင်ပုံထက် ကျော်လွန်တဲ့ ကျန်းမာရေးအာဟာရအကြောင်းကို ပြောပြပေးမှာမို့ အတူတူ လိုက်ပါ ဖတ်ရှူပေးပါဦး။
ပင်စိမ်း ဆိုရာဝယ်
ပင်စိမ်းဆိုတာက အစိမ်းရောင် နုနုလေးရှိပြီး အရွက်လေးတွေ ဖြာနေတဲ့ အပင်ငယ် တစ်မျိုးပါ။ ဟင်းခတ် အမွှေးအကြိုင် အဖြစ်အသုံးပြုကြပါတယ်။ အစိမ်းအတိုင်း စားကြသလို ဟင်းထည့်မှာ ထည့်ချက်တာမျိုး လုပ်ပေးလို့ ရပါတယ်။ စပ်ရှားရှား အရသာ မွှေးမွှေးလေးနဲ့ ခံတွင်းရှင်းပါတယ်။
ပင်စိမ်းမှာ ဘာတွေ ပါတာလဲ?
အနံ့အရသာနဲ့ ပြည့်စုံတဲ့ ပင်စိမ်းရွက်မှာ ရေဓာတ်ပြည့်ဝသလို အဆီဓာတ်၊ ပရိုတင်း၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ သကြားဓာတ်၊ သံဓာတ်၊ ဆားဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်နေပါတယ်။ ဒါတွေအပြင် ဗီတာမင် ဘီ အုပ်စု၊ ဗီတာမင် စီ နဲ့ ကယ်လ်ဆီယမ်တို့လည်း ပါဝင်နေပါတယ်။
ပင်စိမ်းစားရင် ကျန်းမာမှာလား
ပင်စိမ်းစားရင် ကျန်းမာမှာလားဆိုတဲ့အဖြေလေးကို အခုလိုလေး ပြောပြပေးလိုက်ပါတယ်။
- ဓာတ်တိုးမှုတွေကို လျှော့ချပေးတယ် - ပင်စိမ်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေသလို ခန္ဓာကိုယ်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုကို သက်သာစေမှာပါ။ ဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ပေးသလို နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချို၊ အဆစ်ရောင်တာတွေကို သက်သာစေနိုင်ပါတယ်။ ကိုယ်ခံအား ကောင်းစေသလို အရွယ်တင်စေဖို့ လုပ်ဆောင်ပေးပါတယ်။
- ကင်ဆာကာကွယ်ပေးတယ် - ပင်စိမ်းမှာ phytochemicals ပါဝင်နေသလို ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အထူးသဖြင့် အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အသည်းကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
- အစာကြေစေနိုင်တယ် - ပင်စိမ်းမှာ အရောင်ကျစေနိုင်တဲ့ အာနိသင် ပါဝင်နေတာကြောင့် အစာခြေအူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အကြောင်းကတော့ ပင်စိမ်းမှာ eugenol ပါဝင်နေတာကြောင့်ပါ။ ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။
- အသားအရေ ကျန်းမာစေတယ် - ပင်စိမ်းက အရေပြားအတွင်းပိုင်းအထိ သန့်စင်ပေးပြီး အဆီပြန်တာကို သက်သာစေနိုင်သလို ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ချွေးပေါက်တွေကို သန့်စင်ပေးပါတယ်။ ဆားဝက်ခြံတွေကိုရော အဆီဖုတွေကိုပါ သက်သာစေနိုင်ပါတယ်။
- ဆီးချို သက်သာစေတယ် - ပင်စိမ်းက သွေးတွင်သကြားဓာတ် မြင့်တက်မှုကို ထိန်းညှိပေးပြီး ရုတ်တရက် သွေးချိုမြင့်တက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။
- ဝိတ်ကျစေနိုင်တယ် - ပင်စိမ်းမှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ဝိတ်ကျချင်တယ်ဆိုရင်တော့ ပင်စိမ်းကို စားပေးလို့ ရပါတယ်။
- အရောင်ကျစေနိုင်တယ် - ပင်စိမ်းရွက်မှာ အရောင်ကျစေနိုင်တဲ့ အာနိသင် ပါဝင်နေပါတယ်။ အဆစ်ရောင်တာကြောင့် ရောင်ရမ်းတာကို သက်သာစေနိုင်သလို ခေါင်းကိုက်တာ၊ အအေးမိတာ၊ တုပ်ကွေးဖြစ်တာကြောင့် ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။
- စိတ်ဓာတ်ကျတာကို သက်သာစေနိုင်တယ် - ပင်စိမ်းရဲ့ အနံ့က ခေါင်းကြည်စေသလို စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်။ ရာသီအပြောင်းအလဲကြောင့် စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်။
- ပိုးဝင်ကူးစက်တာတွေကို သက်သာစေတယ် - ဆီးလမ်းကြောင်း ပိုးဝင်တာ၊ အသက်ရှူလမ်းကြောင်း ပိုးဝင်တာ၊ ဓာတ်မတည့်တာမျိုးတွေကို သက်သာစေဖို့လည်း ပိုးဝင်ကူးစက်တာကို သက်သာစေနိုင်ပါတယ်။
ပင်စိမ်းဆိုတာ အစားအစာ အနေနဲ့တင် မဟုတ်ဘဲ အခုလိုလေးလည်း ဆေးဖက်ဝင်ပါသေးတယ်။
မွန်မွန်